-->
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်




ကရင်လူမျိုးတို့တွင် နေထိုင်ရာဒေသ၊ ကိုးကွယ်ရာဘာသာကိုလိုက်၍ အမျိုးမျိုးသောစာပေများ ပေါ်ထွက်ခဲ့လေသည်။ မျက်မှောက်ကာလတွင် သုတေသီများ၏လေ့လာတွေ့ရှိချက်များအရ ပုဂ္ဂိုလ်အသီးသီးက တီထွင်ရေးသားခဲ့သော စာပေရေးနည်းများ(၉)မျိုးရှိကြောင်း တွေ့ရှိရသည်။ သို့သော် အချို့သောစာပေများသည် ထွန်းကားကျယ်ပြန့်၍ ထင်ရှားခြင်း ရှိလေသည်။ ဖော်ပြပါ လေ့လာတွေ့ရှိရသော စာပေ (၉) မျိုးကို ဖော်ပြရသော်….

(၁)-ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေ

ထိုစာပေသည် ဖလုံ (ပိုးကရင်) တို့က `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် သတ်မှတ်ကြသည်။ ယင်းစာပေကို သထုံဘုရင်၊ မနူဟာမင်ကြီးထံပါး ခစားရသော ကရင်အမျိုးသား ပညာရှိ `မွန်ဒိင်´ အမည်ခေါ် `ဖူ့ဒိုက်ကော်´ က တီထွင်ရေးသားခဲ့သည်။

(၂)-နှစ်ခြင်းဘာသာဝင် စကောကရင်စာပေ

ထိုစာပေသည် အမေရိကန်သာသနာပြု ဒေါက်တာ ဂျွန်နသန်ဝိတ် က ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာကိုမှီး၍ တီထွင်ရေးသားခဲ့သည်။ ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရ (၉) လုံးပါဝင်သည်။

(၃)- နှစ်ခြင်းဘာသာဝင် ပိုးကရင်စာပေ

ထိုစာပေကိုလည်း ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်၊ ဒေါက်တာ ဂျွန်နသန်ဝိတ် ကပင် ရေးသားခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံးပါဝင်သည်။ ထိုစာရေးနည်းမှာ ခေါမ၊ ရောမနှင့် အမျိုးအမည် မကွဲပြားသောအက္ခရာများ ပါဝင်နေသဖြင့် ဖတ်မှတ်ရာတွင် မလွယ်ကူခြင်း၊ ကရင်အများစုကလည်း မကြိုက်မနှစ်သက်ခြင်းရှိရာ နှစ်မကြာမီ မှေးမှိန် ပျောက်ကွယ်သွားလေသည်။

(၄)- ရောမအက္ခရာ စကောကရင်စာပေ

ထိုစာပေသည် ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် ဒေါက်တာ ဂျွန်နသန်ဝိတ် ရေးသားတီထွင်ခဲ့သော စကောကရင်စာပေကိုမှီး၍ ဆရာထွန်းမြက တီထွင်ရေးသားပြီး ကရင်ရေးရာ ပညာရေးအရာရှိချုပ် စောဘထွန်းတင်က စိစစ်ပြင်ဆင်သော ရေးသားနည်းဖြစ်သည်။ ယင်းစာပေသည် ဗျည်းအက္ခရာ (၂၆) လုံးနှင့်
သရ (၉) လုံးပါဝင်သည်။

(၅)- မြန်မာအက္ခရာကိုအခြေခံသော ပိုးကရင်စာပေ

ထိုစာပေသည် ဒေါက်တာ ဂျွန်နသန်ဝိတ် တီထွင်ရေးသားခဲ့သော ပိုးကရင်စာကို ခရစ်သက္ကရာဇ် ၁၈၅၂-ခုနှစ်တွင် ဒေါကတာ အယ်လ် ဘရေတန်က မြန်မာဗျည်းအက္ခရာများကို မှီးယူ၍ တီထွင်ရေးသော စာပေဖြစ်သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံး ပါဝင်သော်လည်း နောင်အခါတွင် ထပ်မံဖြည့်စွက်၍ ဗျည်း (၂၇) လုံး ရှိလာလေသည်။

(၆)- ဗုဒ္ဓဘာသာ ကရင်စာပေ

ထိုစာပေကို ကော့ကရိတ်မြို့၊ မင်္ဂလာဇေယုံကျောင်း ဘုန်းတော်ကြီး ဦးနန္ဒမာလာက သက္ကရာဇ် ၁၂၉၁-ခုနှစ်၊ ခရစ်နှစ် ၁၉၃၀-ခုနှစ်တွင် ကျုံဒိုး ဇမ္မသုခကျောင်း၌ တီထွင်းရေးသားခဲ့သည်။ ဆရာတော် တီထွင်ရေးသားသောစာသည် ပိုးကရင်၊ စကောကရင် ၊ ကရင်နှစ်မျိုးလုံးဖတ်ရှုနိုင်ပြီး မြန်မာ၊ မွန်၊ ရောမအက္ခရာကိုမှီး၍ ရေးသားခဲ့သည်။ ဗျည်း (၃၈) လုံးနှင့် သရ (၂)လုံး ပါဝင်သည်။

(၇)- ဗုဒ္ဓဘာသာ စကောကရင်စာပေ

ထိုစာပေသည် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးရွာ၊ မြိုင်သာယာဆရာတော် ဦးသာဂရ တီထွင်ရေးသားသော စာရေးနည်းဖြစ်သည်။ ပထမတန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသုံးစာအုပ်များပြုစု၍
ယနေ့တိုင် သင်ကြားပို့ချလျက်ရှိသည်။

(၈)- ဗရင်ဂျီဘာသာ စကောကရင်စာပေ

ထိုစာပေသည် ပြင်သစ်လူမျိုး အက်ဒွပ်ကဲလ်မင်းနှင့် ဗရင်ဂျီဘာသာဝင် စကောကရင်အမျိုးသား ဆရာကျော်စိန်တို့က ရောမအက္ခရာကို အသုံးပြု၍ တီထွင်ရေးသားခဲ့ပြီး ခရစ်သက္ကရာဇ် ၁၉၅၄-ခုနှစ်၊ စက်တင်ဘာလတွင် ယိုးဒယားပြည်၊ ဘန်ကောက်မြို့၌ ပုံနှိပိထုတ်ဝေခဲ့သည်။ ဗျည်းအက္ခရာ (၂၀) လုံးနှင့်
သရအက္ခရာ (၉) လုံး ပါဝင်သည်။ ထိုစာရေးနည်းကို ဖာပွန်ဒေသနှင့် ယိုးဒယားနယ်တို့တွင် သင်ကြားကြပြီး
ယိုးဒယားနယ်တွင် ပို၍ ထွန်းကားလာကြောင်း သိရသည်။

(၉) လဲကယ်ဘာသာ `လိုက်ဆန်ဝှေ့´

လဲကယ်ဘာသာကိုးကွယ်သော ပိုးကရင်တို့၏ `လိက်ဆန်ဝှေ့´ ခေါ် ကြက်ယက်စာပေဖြစ်သည်။ ထိုစာပေအား သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၄၆-ခုနှစ်တွင် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖူ့ကျာ်သောင်လျှက်ကလည်းကောင်း၊ ဘားအံမြို့နယ်၊ နှစ်ခြားရွာ ဦးမောင်ထိုင်ကလည်းကောင်း၊ တီထွင်ရေးသားခဲ့ကြောင်း အဆိုနှစ်ရပ်ရှိလေသည်။ ထိုစာရေးနည်းအား သက္ကရာဇ် ၁၂၂၂-ခုနှစ်၊ ခရစ်နှစ် ၁၈၆၁-ခုနှစ်တွင် နှစ်ခြားရွာ လဲကယ်ဘာသာဝင်ခေါင်းဆောင် `ဖိမိုက်ကာလီ´ က ပုရပိုက်ပေါ်တွင် ပထမဆုံးအကြိမ် စတင်ရေးသားခဲ့ပြီး ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရအက္ခရာ (၁၂) လုံးပါဝင်သည်။

+ Read more

အထက်ဖော်ပြပါ ပေါ်ထွန်းခဲ့သော ကရင်အမျိုးသား စာပေများအနက် ရှေးကျသော စာရေးနည်းနှင့် မျက်မှောက်တွင် ထွန်းကားနေသော စာရေးနည်းမှာ (၃) မျိုးခန့်သာ ရှိလေသည်။ ထိုစာပေ (၃) မျိုးမှာ မျက်မှောက်တွင် ရေးသား ပုံနှိပ်ထုတ်ဝေသော `လိက်ထူ့လီ´ ခေါ် အရှေ့ပိုးကရင်စာပေ၊ စကောကရင်စာပေနှင့် အနောက်ပိုးကရင်စာတို့ဖြစ်သည်။ ကျန်သော စာပေအချို့တွင် သူ့ဒေသအလျောက် ကိုးကွယ်ရာ ဘာသာအလိုက် သင်ကြားခြင်းလည်း ရှိလေသည်။ ရှေးကျ၍ လူအများ သုံးစွဲထွန်းကားနေသော စာရေးနည်းများအနက် မူလက `ဖူ့ဒိုက်ကော်´ တီထွင်ရေးသားခဲ့သော ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေသည် ကျယ်ပြန့်စွာ လွမ်းမိုးလျက်ရှိနေသည်။ ဖူ့ဒိုက်ကော်မှ အစပြုသော စာရေးနည်းဖြစ်သည့်အလျှောက် ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်တို့က `လိက်ထူ့လီအစ ဖူ့ဒိုက်ကော်က´ ဟူ၍လည်းကောင်း၊ `ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်´ဟူ၍လည်းကောင်း ဂုဏ်ပြုကြသည်။

ဖူ့ဒိုက်ကော်တီထွင်ခဲ့သော စာရေးနည်းသည် ဖူ့ဒိုက်ကော်၏ ဘ၀ဖြစ်စဉ်နှင့် ကရင်စာပေသမိုင်းတို့တွင် ထင်ဟပ်
ဆက်စပ်လျက် ရှိလေသည်။ ဖူ့ဒိုက်ကော်၏ ကြိုးပမ်းအားထုတ်မှုကြီးမားခြင်းကိုလည်း မျက်မှောက် အရှေ့ပိုးကရင်ဘာသာ ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားတွင် ကိန်းဝပ်လျက်ရှိလေသည်။
စာပေကျမ်းဂန်ထွန်းကားခဲ့သော ကရဏ္ဏကတိုင်း၊ သုဓုမ်ပြည်နယ်၊ အုပ်စိုးသော မင်းအဆက်ဆက်၌ ခစားသော ကရင်အမျိုးသား ပညာရှိများလည်း အမြောက်အများရှိလေသည်။ အေဒီ (၅) ရာစုလောက်တွင် အုပ်စိုးသော မွန်မင်းလက်ထက်၌ အိန္ဒိယပြည်တောင်ပိုင်း ကဒမ္ဗအက္ခရာနှင့်ပလ္လ၀အက္ခရာများမှတဆင့် မွန်အက္ခရာစာပေကို
တီထွင်လာကြောင်း သုတေသီများက မှတ်ယူထားလေသည်။သုဓုမ်ပြည့်ရှင် မင်းသီဟရာဇာမင်းမှစ၍ (၅၇) ဆက်မြောက် မနူဟာမင်း ခေါ် သီရိတြိဘ၀နာဒိတျာပ၀ရ ဓမ္မရာဇာဘွဲ့ခံ မကုဋမနူဟာမင်းလက်ထက်တွင် ပညာရှိအမတ်ကြီးများရှိသည့်အနက် ကရဏ္ဏကတိုင်းသားပညာရှိ ကရင်အမျိုးသားအမတ်ကြီးတစ်ဦးလည်း ရှိလေသည်။

ထိုပညာရှိအမတ်ကြီးမှာ ဗညားဣန္ဒဘွဲ့ခံ မွန်အခေါ်အားဖြင့် `မွန်ဒိင်´ ဖြစ်သော ကရင်အမျိုးသား`ဖူ့ဒိုက်ကော်´ ပင်ဖြစ်သည်။
မနူဟာမင်းလက်ထက်တွင် ဆင်ဖြူတော် (၃၂) စီး၊ ပိဋကတ်အစုံ (၃၀) ရှိလေသည်။ သုဓုမ်ပြည်ရှိ မွန်ပညာရှိ ရဟန်းတော်များက မွန်စာပေကိုအဓိကထား၍ တစ်ပြည်လုံးတွင်
တိုးတက်ထွန်းကားအောင် သင်ကြားကြလေသည်။ ကရင်အမျိုးသားပညာရှိအမတ်သည် မွန်စာပေကို သင်ကြားတတ်မြောက်ပြီးနောက် ကရင်အမျိုးသားများ ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာသင်ကြားနိုင်ရန် အကြံတော်ရပြီး ကရင်အက္ခရာစာလုံးများကို တီထွင်ရေးသားလေသည်။ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သော စာရေးနည်းသည် ဗြဟ္မီအက္ခရာ၊ ကဒမ္ဗအက္ခရာကိုအခြေခံပြီး ကရင်စကား၊ ကရင်အသံထွက်နိုင်အောင် ဗျည်းအက္ခရာများဖြည့်စွက်၍ ပြုစုခဲ့လေသည်။

အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် ကရင်သင်ပုန်းကြီးနှင့် အခြေခံသဒ္ဒါ သင်္ဂဟများကို မွန်စာပေနည်းတူ ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားပြီး ပေရွက်ပေါ်တွင် အက္ခရာတင်ထားလေသည်။ကရဏ္ဏကတိုင်းရှိ ကရင်အမျိုးသားများကိုလည်း တစ်ဆင့်ဖြန့်၍ သင်ကြားလေသည်။အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် အချိန်အားလပ်တိုင်း ပိဋကတ်စာပေများကို ကရင်ဘာသာသို့ ကြိုးစားပြန်ဆိုရေးသားခဲ့လေသည်။ ပြန်ဆိုပြီးသမျှ ပိဋကတ်အစုံများကိုလည်း ပေရွက်ပေါ်တွင် အက္ခရာတင်၍ ရေးသားထားလေသည်။

မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်၊ (ခရစ်-ခုနှစ် ၁၆၅၇-ခု)တွင် ပုဂံပြည့်ရှင် အနိရုဒ္ဓဒေ၀ရာဇာဘွဲ့ခံ အနော်ရထာမင်းသည် ပိဋကတ်သုံးပုံစာပေကို အလိုရှိတော်မူ၍ မနူဟာမင်းထံ တောင်းဆိုလေရာ မနူဟာမင်းက ငြင်းဆန်တော်မူသဖြင့် ကိုယ်တော်တိုင် ဦးစီး၍ သုဓုမ်ပြည်ကြီးကို လာရောက်တိုက်ခိုက်လေသည်။ အနော်ရထာမင်း တိုက်ခိုက်၍ မနူဟာမင်း စစ်ရှုံးလေသည်။
အနော်ရထာမင်းသည် ဆင်ဖြူတော် (၃၂) စီးနှင့် ပိဋကတ်တော် အစုံသုံးဆယ်ကို ယူဆောင်သွားလေသည်။ စာပေကျမ်းဂန်တတ်မြောက်သော ရဟန်းသံဃာ (၁၀၀၀) ကျော်နှင့် မနူဟာမင်း၏ မှူးမတ်ဗိုလ်ပါများ၊ လက်မှု ပညာသည်များ လူပေါင်း (၁၀၀၀) ကျော်ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်သွားလေသည်။

အနော်ရထာမင်း သုဓုမ်ပြည်ကို လာရောက်တိုက်ခိုက်ရာတွင် ကြိုတင်တွက်ဆထားသော ပညာရှိအမတ်ကြီး ဖူ့ဒိုက်ကော်က တပည့်များကို စည်းရုံးစေပြီး သူရေးသားထားသောစာပေများကို ထုပ်စည်းလျက် မြို့ကျလျှင် ထွက်ပြေးယူဆောင်ရန် ပြင်ဆင်ထားလေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော် တွက်ဆထားသည့်အတိုင်းပင် မနူဟာမင်းစစ်သည်တော်တို့မှာ စစ်ရေးရှုံးနိမ့်မည့်အခြေအနေဆိုက်လေသည်။ ထို့ကြောင့် အနော်ရထာများစစ်သည်တော်များကို တိုက်ခိုက်၍ မြို့တံခါးပေါက်သည်နှင့် အမတ်ကြီးဖူ့ဒိုက်ကော်သည် တပည့်(၄၀) နှင့်အတူ ညအချိန်တွင် တိတ်တဆိတ်ထွက်သွားပြီး ဘင်လိုင်ချောင်းရိုးအတိုင်း အရှေ့ဘက်သို့ ထွက်ပြေးလေသည်။ (အချို့သော သမိုင်းအဆိုအရ အနော်ရထာမင်း စစ်အောင်၍ ပိဋကတ်ကျမ်းဂန် အတတ်ပညာရှိများ ခေါ်ဆောင်သွားလေရာ မွန်အမျိုးသား မဟုတ်သော ဖူ့ဒိုက်ကော်အား ခွင့်လွတ်ခဲ့သည် ဟု ဆိုလေသည်။ဤအဆိုသည် ယုတ္တိ မရှိနိုင်ချေ။ ဖူ့ဒိုက်ကော်နှင့် တပည့်များ ထွက်ပြေးလွန်မြောက်သွားခြင်းက ပို၍ဖြစ်နိုင်လေသည်။)

သုဓုမ်ပြည်က ထွက်ပြေးလွတ်မြောက်လာသော ဖူ့ဒိုက်ကော်သည် မိမိအပင်ပန်းခံ ပြုစုရေးသားထားသော စာပေများကို တပည့်(၄၀) နှင့် အဆင့်ဆင့် သယ်ဆောင်လာခဲ့ရာ သံလွင်မြစ်ကို ဖြတ်ကူးပြီး ဒိုဟနတောင်တန်း ခေါ် ဒေါနတောင်တန်းခြေသို့ ရောက်ရှိသွားလေသည်။ထိုနေရာသည်လည်း လုံခြုံစိတ်ချရခြင်းမရှိ၍ နောက်ဆုံး ရှမ်းတို့နယ်(ယိုးဒယားနယ်) ကမ္ဗုရီ ခေါ် ဌာန်ဝကျောက်ခေါင်းအရပ်သို့ ရောက်ရှိသွားလေသည်။

ကရင်လူမျိုးတို့ သမိုင်းအရ ဌာန်ဝကျောက်ခေါင်းအရပ်သည် အဆက်ဆက်ကပင် ကရင်လူမျိုးများ နေထိုင်ခဲ့သည်။ ထိုဒေသတွင် ယိုးဒယားလက်အောက်ခံ စော်ဘွားအဆင့် ´ဖရသုဝဏ်´ ဘွဲ့အမည်ခံ၍ အုပ်ချုပ်ကြောင်း ဆိုသည်။ သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် ဇွဲကပင်တောင်ခြေရှိ ကရင်များ စစ်မက်ဘေးဒဏ်ကြောင့် ထိုနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ဖူ့ဒိုက်ကော်နှင့် တပည့်(၄၀) တို့ ရောက်ရှိသွားခြင်းမှာ ပထမအကြိမ်ဖြစ်သည်ဟု ကရင်ရာဇ၀င်၌ ဆိုထားလေသည်။ ကျောက်ခေါင်းနယ်သို့ ရောက်ရှိသွားသော ဖူ့ဒိုက်ကော်သည် ထိုနယ်ရှိ ကရင်အမျိုးသားများအား စာပေသင်ကြားပို့ချလေသည်။

ကျောက်ခေါင်းဒေသရှိ ကရင်အမျိုးသားများသည် ဖူ့ဒိုက်ကော် သင်ကြားပို့ချသော စာပေကို သင်ယူကြပြီး အဆက်မပြတ် တတ်မြောက်ခဲ့ရာ ယနေ့တိုင် ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သောစာပေကို တတ်မြောက်သူများ ရှိသောကြောင့် လေ့လာတွေ့ရှိရပေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော်သည် ကျောက်ခေါင်းဒေသတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယင်းမရှိသည့်နောက်ပိုင်းတွင် ယင်းပြုစုသောစာပေများကို အစဉ်အဆက် ဆက်လက်၍ သင်ကြားကြလေသည်။
သို့ရာတွင် ဖူ့ဒိုက်ကော် ကွယ်လွန်သော် စာပေအား စနစ်တကျ ထိန်းသိမ်းသူများ နည်းပါးလာသည်။ ထို့အပြင် ယိုးဒယားနိုင်ငံတွင် စစ်မက် မကြာမကြာဖြစ်ပွါး၍ ဌာန်ဝကျောက်ခေါင်းနယ်ရှိ ကရင်အမျိုးသားတို့သည် စစ်မက်ရှောင်တိမ်းရင်း ပြေးလွှားနေကြလျက်ရှိရာ စာပေများကိုလည်း မထိန်းသိမ်းနိုင်ဘဲ ရှိလေသည်။ ဖူ့ဒိုက်ကော်သည် သူတီထွင် ရေးသားခဲ့သော စာပေများကို နောင်အရှည်သဖြင့် တည်တံ့စေရန် ၀ါးခြမ်းပြားကို စနစ်တကျ သပ်ပြီး ကျောဘက်တွင် ရေးသားလေသည်။

ထိုသို့ရေးသား၍ ကျမ်းတစ်စောင်ပြီးတိုင်း ၀ါးခြမ်းပြား မြောက်များစွာကို သီ၍ ထားရလေသည်။ တစ်နေရာမှ တစ်နေရာပြောင်းရွှေ့လျှင် ဆင်နှင့်တင်ပြီး ယူဆောင်ရလေသည်။ ထိုသို့ ဆင်နှင့်တင်၍ ယူဆောင်သဖြင့် စစ်မက်ဖြစ်ပွါး၍ ရှောင်တိမ်းပြေးရာတွင် အကုန်အစင် ယူဆောင်ခြင်း မဟုတ်ဘဲ ဖူ့ဒိုက်ကော်စာပေသည် ပျောက်ပျက်၍ ပျက်စီးရလေသည်။
သို့ရာတွင် ဖူ့ဒိုက်ကော်၏ ကျေးဇူးသည် ကြီးမားစွာ ကျန်ရစ်ခဲ့လေသည်။ ဖူ့ဒိုက်ကော် ရေးသားထားသော ကရင်ဘာသာစာပေသည် ယခုလက်ရှိ ပိုးကရင်စာပေကိုလည်း `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် ဂုဏ်ယူခေါ်ဝေါ်ကြလေသည်။ မျက်မှောက်ခေတ်တွင် ကရင်စာပေ ဖော်ထုတ်ရေး ကော်မတီ (သံဃာ့ကော်မတီ) က စာပေတိုးတက်မြင့်မားရေးကို ဆောင်ရွက်လျက်ရှိရာ ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်၏ ဂုဏ်ကျေးဇူးသည် ကြီးမားလှပေကြောင်း ဂုဏ်ပြုအပ်ပေသည်။
Read more »

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၆)


ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။
မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က M.A.B သတင်းဌာနမှ မိတ်ဆွေတဦးသည် မြောက်ဗီယက်နမ်၊ ဟနွိုင်မြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ် အမျိုးသားပြတိုက်ကို ၀င်ရောက်လေ့လာရာ ၎င်းတို့၏ ယဉ်ကျေးမှု ပစ္စည်းများသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ပစ္စည်းများနှင် အတူတူပင်ဖြစ်သည်ဟု ပြောပြ သိရှိ ခဲ့ရပါသည်။ သို့ဖြစ်ရာ ကရင်ရှေးလူကြီးများ၏ မှတ်တမ်းမှတ်ရာများသည် ခိုင်မာသော အထောက်အထားများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။

မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ၀င်ရောက်လာပုံမှာ လေ့လာရသမျှ ကြေးခေတ်ထွန်းကားချိန်တွင် တရုတ်ပြည် အနောက်တောင်ဘက် မှတဆင့် တရွေ့ရွေ့ ပြောင်းရွှေ့လာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ် (မအိုက္လိုး) မှတဆင့် တကောင်းအရပ်သို့ ရောက်လာကြသည်ဟု ရှေးကရင် မှတ်တမ်းများအရ သိရှိရပါသည်။ တကောင်းအရပ်တွင် မြေပြန့်၍ စိုက်ပျိုးမွေးမြူရေး ကောင်းပုံရသဖြင့် အခြေချ နေထိုင်ကြလေသည်။

တကောင်း ဟူသော အမည်မှာ ကရင်ဘာသာဖြင့် တူကော ဟုခေါ်သည်။ ရှမ်းဘာသာဖြင့် တာကော ဟု ခေါ်ပြီး ဖားစည်ဆိပ်ကမ်း ဟု အဓိပ္ပါယ်ရသည်။ (တာ- ဆိပ်ကမ်း၊ ကော- စည်)။ ကရင်များ နတ်စည် ကဲ့သို့ တန်ခိုး ရှိသည်ဟု ယူဆကြသည်။ ရှမ်းများက မြစ်ကမ်းနားတွင် လာရောက်ရောင်းချကြသဖြင့် တာကော ဟု အမည်တွင်ရာမှ တကောင်းဟု ခေါ်တွင်လာခဲ့သည်ဟု အဆိုရှိလေသည်။
ပုသိမ်မြို့နှင့် ဆင်တူပါသည်။ ကရင်များက ပုသိမ် ဟုမခေါ်ဘဲ ပသိ ဟု ခေါ်ကြသည်။ ရှေးအခါက ကရင်များ နေထိုင်ရာ ဒေသသို့ ကုန်ရောင်းကုန်ဝယ်ရန် ပင်လယ်ရေကြောင်းမှ ရောက်လာသော ပသိ လူမျိုးများကို အစွဲပြုပြီး ၎င်းတို့ ဈေးလာရောင်းဝယ်သော ကရင်တို့ နေထိုင်ရာ နေရာကို ပသိ ဟုခေါ်လာကြရာမှ ပုသိမ်ဟု တွင်လာခြင်း ဖြစ်သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရောက်စက မြစ်အမည်များ မရှိကြသေးပါ။ ကရင်များက ယခု ဧရာဝတီမြစ်ကို ယဲ့ဝါးက္လိုး၊ စစ်တောင်းမြစ်ကို ပရဲလိုက္လိုး၊ သံလွင်မြစ်ကို ဃိုလိုက္လိုး၊ မဲခေါင်မြစ်ကို ကောလို ဟူ၍ အမည်ပေးခဲ့သည်။


ကရင်လူမျိုးများ မြန်မာနိုင်ငံ အနှံ့သို့ တသုတ်ပြီးတသုတ် ကြေးခေတ်ကတည်းက ၀င်ရောက်လာခဲ့ ကြသော်လည်း မြန်မာနိုင်ငံ သမိုင်းတွင် ကရင် ဟူသော အမည်သည် ထူးဆန်းစွာ ပျောက်ကွယ်နေပါသည်။ သဏ္ဍာန်အားဖြင့် အဝေး၌ စိမ်းလန်း မဲမှောင်နေသော သစ်တောကြီးတတောကို မြင်တွေ့ရ၏။ တဖြည်းဖြည်းနှင့် သစ်တောကြီးရှိရာသို့ ရောက်လာပြီး သစ်တောအတွင်း ၀င်သွားသောအခါ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ယာ၊ ပိတောက်၊ ပျဉ်းမ စသည်ဖြင့် သစ်ပင်အမျိုးမျိုးကို တွေ့ရသဖြင့် အဝေးက မြင်တွေ့ခဲ့သော သစ်တောကြီး ဘယ်ရောက်သွားသည်ကို မသိတော့ဘဲ ပျောက်ကွယ်သကဲ့သို့ ဖြစ်ရပါသည်။

အမှန်အားဖြင့် ကရင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယေရှုခရစ် မမွေးမီ ကြေးခေတ်ကတည်းက ပျံ့နှံ့လျက် ရှိနေကြပြီး ဖြစ်သည်။ အမည်အားဖြင့် စကော၊ ပိုး၊ ပအို (တောင်သူ)၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ပဒေါင်၊ ယင်းဘော်၊ ယင်းတလဲ၊ ဘွဲ၊ ပရဲ့၊ ဂယ်ခို၊ ဂယ်ဘား စသဖြင့် လူအမျိုးပေါင်းများစွာ အမည်ကွဲသွား သောကြောင့် ဖြစ်သည်။
အစောပိုင်း မြန်မာ့သမိုင်းတွင် ပျူလူမျိုးရှိကြောင်း၊ အလွန်ယဉ်ကျေးကြောင်း၊ အဆင့်အတန်း မြင့်မားစွာ မြို့ပြနိုင်ငံများကို အေဒီ (၁) ရာစုတွင် တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍ ပျူ ခေါ်သော လူမျိုး ဘယ်ကလာသလဲ စဉ်းစားစရာ ဖြစ်လာသည်။ အခြေအမြစ် မသိသူအဖို့ မျက်စိလည်ရပါသည်။ မြန်မာပြည်တွင် ကျောက်ခေတ်က အညာသား ယဉ်ကျေးမှု (Anyathian culture) ခေါ် ဧရာဝတီ ယဉ်ကျေးမှုသည် အညာအရပ်တွင် ပေါ်ခဲ့သည်။ ထိုကျောက်ခေတ်က လူသားများသည် သြစတြစ်အနွယ်ဝင်များအဖြစ် အဆင့်ဆင့် ရွေ့လျားသွားပြီး လက်ကျန်များအဖြစ် ဆလုံ၊ မလေး (နီဂရစ်တို) အဖြစ် တွေ့ရသည်။ ကရင်လူမျိုးများ ၀င်ရောက်စဉ် နိုင်ငံသည် အသစ်စက်စက်ကဲ့သို့ ဖြစ်နေသည်။ ဤသည်ပင်လျှင် မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှု၌ ကွင်းဆက်ပြတ်နေသကဲ့သို့ ဖြစ်နေပေသည်။

ပျူသည် ဘာလူမျိုးလဲ။ ဘယ်က လာသလဲ။ အဖြေရှာကြည့် ကြပါစို့။ ပျူများသည် အသားမမဲသဖြင့် ကုလား မဖြစ်နိုင်။ ကပ္ပလီလည်း မဖြစ်နိုင်ပါ။ ပျူသည် အသားဝါသဖြင့် အသားဝါ အနွယ်ဝင် မွန်ဂိုလွိုက်များ ဖြစ်ကြသည်။ မွန်ဂိုအနွယ်ကြီးထဲမှာ ပျူအမည်ကို ရှာကြည့်ရာ၌လည်း ပျူဟူသော နာမည် မပါဝင်ပါ။ ဤသို့ဖြစ်လျှင် ပျူ ဘယ်က လာသလဲ။
အဖြေမှာ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။ ကရင်များ မြန်မာနိုင်ငံသို့ ခရစ်တော် မမွေးဖွားမီ ကြေးခေတ်ကတည်းက နေရာအနှံ့ ပြန့်ခဲ့ပြီး ဖြစ်သည်။ ကရင်အမည်ကို လေ့လာစဉ်က ဖခင်အနွယ် (စကော) ကရင်၊ မိခင်အနွယ် (ပ၀ိုး) ကရင်ဟု ခေါ်ခဲ့ရာ နိုင်ငံခြားသားများက ပ၀ိုး ကို ခေါ်၍ မပီသဖြင့် လည်းကောင်း၊ ခေါ်မတတ်၍ လည်းကောင်း ပ၀ိုးမှ ပျူသို့ အသံလှယ်သွားခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပျူသည် ကရင်ဖြစ်ပါသည်။ (တောင်ကြီးမြို့၊ သမိုင်းမွမ်းမံသင်တန်း တက်စဉ်က မန္တလေး တက္ကသိုလ် သမိုင်းဌာနမှ သင်တန်းပို့ချသော တာဝန်ရှိ သမိုင်းဆရာတဦးအား မေးကြည့်ရာ ၎င်းက ပျူသည် ကရင်ဖြစ်သည်ဟု ပြောပါသည်။ ၎င်းသမိုင်းဆရာသည် ရှေးဟောင်းကျောက်စာ ပညာရှင်တဦးလည်း ဖြစ်ပါသည်။
ပျူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အရပ်အမောင်း၊ ဆံပင်၊ မျက်စိ၊ စိတ်နေစိတ်ထား၊ အသားအရောင်သည် ကရင်ဖြစ်သည်ဟု ဖော်ပြသည်။ ထင်ရှားသော ပျူမင်းတပါး၏ အမည်သည် ပျူစောထီး ဟုခေါ်သည်။ ကရင် မှတ်တမ်းမှတ်ရာအရ စောဒီ ဟု ခေါ်ကြောင်း သိရသည်။

မှန်နန်းရာဇ၀င်တော်ကြီး၌ ပျူနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြပါသည်။
ကိ။
သို့ဖြစ်လျှင် ဟံသာဝတီ ပျူ (ဟန်လင်း) မင်း ၈၀၀။ တမ္ပဒီပ ပျူမင်း ၁၉၀။ မကရာ ပျူမင်း ၁၆၀။ ပင်လယ် ပျူမင်း ၆၇။ ကောင်းစင် ပျူမင်း ၃၀။ အလ္လကပ္ပ ပျူမင်း ၂၆။ ရွာပုကြီး ပျူမင်း ၅၀။ လယ်ကိုင်း ပျူမင်း ၄၀။ မင်းပေါင်း ၁၃၉၃ ပါး။
တူ။ ဟံသာဝတီပျူလက်နိုင် စောရန်နစ် လက်ထက် ရတနာမိုး နှစ်ကြိမ်ရွာ၏။
ကူ။
မတရာပျူအဆုံးကား “စောဦးစွာ” မင်းပြု၏။
ကော။
ရှေးဟောင်းစာဆိုအတိုင်း ယူရသော် ပျူမင်းဆက်များလည်း ရှားရှားပါးပါး မဟုတ်။ ဘုန်းဘောလအော ပင် ဖြစ်တော့သည်။ ပျူများသည် နေရာမလပ် အနှံ့ပင် ဖြစ်တော့သည်။
ကိ။
ဤသဘောကို မြန်မာ ပူရာဏ်စာဟောင်း များက ဆိုကြ၏။
ကော်။
သို့သော် ရှေးဟောင်းစာဟောင်းကို အရူးခြင်းတောင်း သဖွယ်ထား၍ လစ်လျူရှုရမည်မှာလည်း အခက်ပင်ဖြစ်သည်။ စာဟောင်း၌ပါသော ဘုရင်အမည်များ၊ မြို့အမည်များ ယနေ့ထင်ရှားသော မြို့များ၏ စကားလုံးရင်းမြစ် ဖော်ပြချက်များ “ဥပမာ- မက္ခရာ၊ ပင်လယ်”၊ မင်းအရေအတွက် အသေအချာ ဖော်ပြချက်များကို ကြည့်ရခြင်းအားဖြင့် မဟုတ်ခါမှ လွဲရော၊ ရာဇ၀င်တန်ဘိုး မရှိသည့်တိုင်အောင် ရာဇပုံ (Tales of Kings) တန်ဘိုးအားဖြင့် မုချရှိသည်ဟု ဆိုရပေမည်။ (မောင်ကန် ပျူ မြန်မာစွယ်စုံတွဲ ၂၊ စာ ၂၄၅)။

ဤမှန်နန်းရာဇ၀င် အထောက်အထားအရ ပျူများ မြန်မာပြည်အနှံ့ ရှိနေသည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ယေရှုခရစ် မမွေးမီကတည်းက ကရင်များသည် မြန်မာနိုင်ငံတွင် အများအပြား ရှိနှင့်ပြီး ဖြစ်သည်။
တဖန် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ထားသော ပျူ၊ ကမ်းယံ၊ သက် ကို ဖော်ပြရမည်ဆိုပါက ပျူသည် မိခင်အနွယ် ကရင်ဖြစ်ပြီး ကမ်းယံသည် ကရင်ကို ခေါ်ခြင်းဖြစ်သည်။ သက်မှာ အသံထွက် လှယ်သွားခြင်း ဖြစ်သည်။ မြန်မာများက ဂ ကို သ သံ ထွက်လေ့ရှိသည်။ Samdoway ကို သံတွဲ၊ Salween ကို သံလွင်၊ Sarskrit ကို သံကရိုက် စသည်ဖြင့် အသံထွက်ကြသည်။ သက်မှာ စက်ကို ခေါ်ခြင်းဖြစ်သည်။ (မြန်မာ့စွယ်စုံတွဲ ၁၊ စာ ၄၈၂၊ ဒုကော်လံ စာကြောင်း ၃၅၊ သက် Sak)။
မိခင်အနွယ်ဝင်ကရင်များ၏ အမည်ရှေ့၌ စက် (စဲ့) ရေးကြသည်။ ဆိုလိုသည်က မောင် ဟု အဓိပ္ပါယ်ရသည်။ ဥပမာ မောင်သန်းကျော် အစား စသန်းကျော် ဟု ရေးကြသည်။ ဖတ်လျှင် စက်သန်းကျော် ဟု ဖတ်ရသည်။ စသန်းကျော် ဟု ဖတ်လျှင် မှားပါသည်။ ဆိုလိုသည်မှာ ပျူ၊ ကမ်းယံ၊ သက်မှ သက်အမျိုးအနွယ်သည် မိခင်အနွယ်ဝင် ပ၀ိုးကရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သက်သည် ရခိုင်လူမျိုးဖြစ်သွားသည်ဟု ပါရှိသည်။ ရှေးအခါက ရခိုင်ရိုးမတလျှောက်တွင် ကရင်လူမျိုးများသည် သံတွဲမှစ၍ တောင်စဉ်ခွန်နှစ်ခရိုင်၌ပင် နေထိုင်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တွင် ဖော်ပြထားသည်။ (မှန်နန်းရာဇ၀င်၊ စာ ၁၆၈၊ စာကြောင်း ၁၀)
ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည် မက်ဆိုပိုတေးမီးယား ဒေသမှလာသော အသိပညာများ ဖြစ်နီုင်သည်ဟု ယူဆနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက်ဖြစ်ပါသည်။ ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သော အတတ်ပညာ ဖြစ်နိုင်ပါသည်။
ဤနိုင်ငံကို ရှေးအခါက နိုင်ငံခြားသားများသည် ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ မြန်မာနိုင်ငံဟု မခေါ်ကြချေ။ တရုတ်မှတ်တမ်းများအရ ခရစ်သက္ကရာဇ် ၁၂၇၁ ခု တိုင်အောင် မြန်မာနိုင်ငံကို ပျူနိုင်ငံဟုသာ ခေါ်ကြသည်။

အင်ဒိုချိုင်းနားတွင် ရှိသော ကရင်များ

လော Laos

၁၉၆၅ ခုနှစ်က နှစ်သစ်ကူးပွဲနှင့် ပတ်သက်၍ လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောဖူးရာ ၎င်းတို့နိုင်ငံ၌ ကရင်များရှိကြောင်း ပြောဖူးပါသည်။ ကရင်မျိုးနွယ်ခွဲများဖြစ်သော မြောင် (Meo) များလည်း ရှိကြပါသည်။

ထိုင်း Thai

ထိုင်းနိုင်ငံ၌ ကရင်အများအပြား ရှိသည်။ စကောကရင်၊ ပိုးရင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က သာသနာပြု ဆရာလူးရွှေ၏ မှတ်တမ်းအရ ဇင်းမယ်မြို့မှ မြန်မာနယ်စပ်အထိ ကရင်ရွာပေါင်း ထောင်ချီ၍ ရှိသည်ဟု ဖော်ပြထားသည်။ ဇင်းမယ်သည် ပြည်၊ တောင်ငူ မြို့တို့နှင့် အရှေ့အနောက် တတန်းတည်း၌ ရှိသည်။ မဲပီ၊ မဲနန်မှ သူးမွဲကလိုး၊ ကန်သူရိ အထိ ကရင်ရွာပေါင်းများစွာနှင့် ကရင်လူဦးရေ ၃၀၀၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ မဲနန်နှင့် မဲခေါင်မြစ် ကြားတလျှောက်မှာလည်း ကရင်ရွာပေါင်း များစွာရှိ၍ တောခေါင်းအလုပ်ကို လုပ်ကိုင်ကြသော ကရင်များပိုင် ဆင်အစီးပေါင်း ၅၀၀ မှ ၁၁၀၀ ကြားမှာ ရှိသည်ဟု ဆိုသည်။ လူအချို့သည် တဦးတည်းပင် ဆင်အစီးပေါင်း ၄၀ မှ ၅၀ အထိ ပိုင်ဆိုင်ကြသည်။ ဘန်ကောက်မြို့ အနီး ပတ်ဝန်းကျင်တွင်လည်း ဆင်အစီး ၅၀ ပိုင်သော ကရင်လူမျိုးများ ရှိကြသည်။ စကောအနွယ်၊ ပိုးအနွယ်၊ တောင်ငူအရှေ့တွင် ဘွဲကရင်များ အများဆုံးနေထိုင်ကြသည်။

ဤမှတ်တမ်းသည် လွန်ခဲ့သော အနှစ် ၄၀ က မှတ်တမ်းဖြစ်သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများအကြောင်း လေ့လာခဲ့သော ဂျိမ်းစ် ဒဗလျူ ဟာမီတန် (James W. Hamilton) က ထိုင်းတွင် ကရင်လူမျိုးသည် ဒုတိယ လူဦးရေ အများဆုံးဟု ဖော်ပြထားသည်။ (Pwo Karen by James W. Hamilton, 1976. page 5 … Which makes the Karen the largest non. Thai group in Thailand)
ကမ်ပူးခြား (ကမ္ဘောဒီးယား)

ကရင်လူမျိုးများ ကမ္ဘောဒီးယားတွင် ရှိနိုင်ကြောင်းကို မဲခေါင်မြစ်ကြောင်းအတိုင်း လိုက်လာသော ကရင်များကို ပြန်လေ့လာကြည့်က သိနိုင်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကရင်များလည်း ရောက်မည်မှာ အမှန်ဖြစ်သည်။ အစောပိုင်းက အင်ဒိုချိုင်းနား၏ ပင်လယ်ကမ်းစပ်တွင် အိန္ဒိယပြည်မှ အခေါ်အဝေါ်မျိုးဖြစ်သော စမ္ပါပြည်၊ ကမ္ဗောဇပြည် ဟူ၍ရှိရာ ၎င်းကမ္ဗောဇပြည်သည် ကမ်ပူးခြားပြည်ကို ဆိုလိုခြင်း ဖြစ်ပြီး ထိုစဉ်အခါက ထိုင်း (ယိုးဒယား) နိုင်ငံဟူ၍ မရှိသေးဘဲ ကမ္ဗောဇနိုင်ငံထဲတွင် ယိုးဒယားလည်း ပါဝင်သည် (Marcopolo by Horris Collis, ဦးလှဒင် မြန်မာပြန်၊ စာ ၂၁၆)။ ထိုကဲ့သို့ ကမ်ပူးခြားနှင့် ထိုင်း နှစ်နိုင်ငံ တပေါင်းတည်းဖြစ်၍ ကရင်များလည်း ကမ်ပူးခြား နိုင်ငံထဲသို့ သွားလာ ၀င်ထွက်ကာ အိုးအိမ်ထူထောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဗင်တန် သာသနာပြုစဉ်က ကမ္ဘောဒီးယားမှ ကရင်လူမျိုးများသည် ဒေါက်တာဗင်တန်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ (The Loyal Karens of Burma by D.M. Smeaton, 1920, page 137, A party of Karens once came to Dr. Vinton in Rangoon from the Cambodia.)

ဗီယက်နမ်

ဗီယက်နမ် နိုင်ငံတွင် ကရင်အမျိုးအနွယ်များ ရှိကြောင်း၊ ၎င်းတို့မှာ ယောင်၊ မြောင် တို့ဖြစ်ကြပြီး ကရင်ယဉ်ကျေးမှု အသုံးအဆောင်များကိုလည်း ဟနွိုင်မြို့ ယဉ်ကျေးမှုပြတိုက်တွင် မြင်တွေ့နိုင်သည်။ (The New Encyclopedia Britannica, vol 19, 15th edition 1974, Victman, North. page 133, 1st col. … The Nuong – Ya’o and the Meo, whose villages are found above the 3000 foot level.)

ဘော်နီယို

ဤကျွန်းတွင် အင်ဒီးယန်းသွေးပါသော ဒယက် (Dyaks) များ တွေ့ရသကဲ့သို့ ကရင်အမျိုးအနွယ် ကယမ် (Kayans, Kenyahs) များကိုလည်း တွေ့ရသည်။ ၎င်း ကယမ်များကို ဗိုလ်မှူးဘရှင်က ဒယက်နှင့် လွဲမှားဖော်ပြခဲ့သည်။ ကယမ်သည် အသားဝါအနွယ်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ပုံကိုလည်း Compton’s Picture Encyclopedia, vol 2, 1956, page 256 တွင် တွေ့နိုင်ပါသည်။ ဤစွယ်စုံကျမ်း စာမျက်နှာ ၂၅၄ တွင် (Borneo – The vast and savage island of Dyaks … Other tribes are Kayans, Konyahs.) ဟု ဖော်ပြထားသည်။
ဤအဆိုကိုလည်း ဟို့စ် (Mr. Hose) နှင့် မက်ဒေါဂယ် (Mr. Mc Dougall) တို့က ထောက်ခံတင်ပြထားပါသည်။ (The open mind, vol 3, No. 10 August, 1963. The Karens. Their origin and early movement, by Saw Hanson Tadaw, M.A. London … Mr. Hose and Mr. Cc Dongall went further a field to trace their origins of the Karens. They maintained that the Kayans of Borneo and the tribes of Karen in Burma are related)

နိဂုံး

ကရင်လူမျိုးများသည် အသားဝါ မွန်ဂိုနွယ်ဝင်များ ဖြစ်သည်။ မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသောအခါ အာရှတိုက် အလယ်ပိုင်းမှ မြေသြဇာကောင်းသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ရှိနလွင်ပြင်သို့ ရောက်ရှိပြီး မြစ်ဝှမ်းအောက်ပိုင်းလောက်တွင် နေထိုင်၍ စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်ဟု ယူဆရပါသည်။ သို့သော် ထိုဒေသတွင် ငြိမ်သက်မှု မရှိသဖြင့် ငြိမ်းချမ်းစွာ နေလိုသော ကရင်တို့သည် ယူဖရေးတီးမြစ်မှ တဆင့် ကော့ကေးဆပ် တောင်တန်း၊ ထီးဆဲ့မဲ့ယွာ၊ တိဘက် ကုန်းပြင်မြင့်၊ အာရှတိုက် အလယ်ပိုင်းသို့ အဆင့်ဆင့် ရောက်ရှိလာကြသည်။
တဖန် သံလွင်၊ မဲခေါင်၊ ယန်စီကျန် မြစ်များမှတဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ မြန်မာ၊ လော၊ ဗီယက်နမ်၊ ကမ်ပူးခြား၊ ယိုးဒယားနှင့် မလေးကျွန်းဆွယ်ကို သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ကို သော်လည်းကောင်း ဖြစ်ကျော်၍ ဘော်နီယိုကျွန်းသို့တိုင် ပျံ့နှံ့ရောက်ရှိသည်ဟု ယူဆရပါသည်။ ယခုအခါတွင် ကရင်လူမျိုးများကို မြန်မာနှင့် ယိုးဒယားနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရပါသည်။

ကရင်၏ မူလဇစ်မြစ် သုတေသနလုပ်ငန်း တိုးတက်အောင်မြင်ရေးသို့ ရည်မှန်းလျှက်။
စောဖော (ရန်ကုန်)

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

မူရင်း။ ။ Zwekabin.org မှ ပြန်လည်ဖော်ပြပါတယ်
Read more »